ကျွန်တော်ဖတ်ဖူးတဲ့စာအုပ်တွေထဲက တစ်ချို့အကြောင်းရာတွေကိုထုတ်နှုတ်ပြီးတင်ပြလိုက်တယ်ဗျ။ ပထမဆုံး ဆရာမင်းခိုက်စိုးစံရဲ့စာတွေ အကြောင်းအရင်ပြောပါမယ်။
“ကောင်းတာလုပ်တိုင်းသာ ကောင်းတာဖြစ်ကြေးဆိုရင် ဘုရားကဒုက္ခသစ္စာ လို့ဘယ်ဟောမလဲ။”
ခေတ်သစ်တစ်ခု၏အစ အဓိပ္ပါယ်တစ်ခု၏အဆုံးဆိုတဲ့စာအုပ်ထဲကပါ။ ကျွန်တော်တို့တွေ သတိမမူမိတာလေးကို ထောက်ပြထားတာ။ တစ်ခါတစ်လေ အဆင်မပြေတာလေးတွေ၊ ပြသနာလေးတွေရှိတဲ့အခါ စိတ်ပျက်တတ်ကြ တယ်။ ဗုဒ္ဒဘာသာဝင်ဖြစ်ရက်နဲ့ အော်ငါရောက်နေတာ ဒုက္ခဘုံကြီးပါလားဆိုတာကို မေနေ့တတ်တယ်ဗျ။ အမြဲနှလုံးသွင်းဖို့ကောင်းတဲ့ စာသားလေးပေါ့။
“ ဒုက္ခအကြောင်းကိုတွေးပြီး ငိုယိုညည်းတွားနေသူဟာ လူညံ့ဖြစ်တယ်။ ဒုက္ခရှိနေတာသိရက်နဲ့ ကိုယ့်ကို
ကိုယ် ထူထောင်နိုင်ဖို့ကြိုးစားသူဟာ လူတော်ဖြစ်တယ်။ မျက်ရည်နဲ့မျက်ခွက် ဗီဒီယိုတွေ၊ ၀ထ္ထုစာအုပ်တွေဟာ
လူတွေကို လူညံ့ဖြစ်အောင်မြူဆွယ်နေတာပဲ။ ကိုယ်ကိုကိုယ် ထူထောင်ချင်တဲ့စိတ်ထက် ‘လူအသနားခံရတဲ့ မင်းသား၊ မင်းသမီးဖြစ်ရတာပိုကောင်းတယ်’ ဆိုတဲ့လူညွန့်တုံးစိတ်ကို ပိုအမွှန်းတင်ရာရောက် နေလေရဲ့။ ကျွန်တော်တို့ရဲ့ကလေးတွေကို အဲဒီလို ဗီဒီယို၊ ရုပ်ရှင်၊ ၀ထ္ထုတွေနဲ့ မယဉ်ပါးပါစေနဲ့ လူ့ဘ၀ကို အရှိအရှိအတိုင်း မြင်တတ်တဲ့ သတ္တိရှိတဲ့ လူစစ်စစ်တွေဖြစ်မလာပဲ လောကထဲမှာ ပြဇတ်လို၊ ရုပ်ရှင်လို (စိတ်ကူးကြောင်၊ အမူရာကြောင်တွေနဲ့) အချည်းနှီးဟန်များနေတဲ့ မောင်အိုက်တင်၊ မယ်အိုက်တင်လေးတွေ ဖြစ်လာမှာစိုးလို့ပါ။”
ဒါကတော့လူငယ်တွေကို စေတနာအပြည့်နဲ့တိုက်တဲ့ အားဆေးတစ်ခွက်ပါပဲ။ ဒီစာအတွက်သူလည်း ဝေဖန်မှုတွေ နဲ့ လွတ်မယ်မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုဖောက်ထွက်တင်ပြရဲတဲ့ စေတနာကိုတော့ အသိအမှတ် ပြုရမှာပါပဲ။
“သူများရဲ့ ထင်မြင်ချက်ပေါ် အလေးထားလွန်းရာက ဖြစ်လာတဲ့စိတ်ဒုက္ခဟာ ဘယ်သူ့အတွက်မှ ကောင်းကျိုး မဖြစ်ထွန်းစေနိုင်ပါဘူး။ လောကကြီးဟာ ပြဇာတ်တစ်ခုမဟုတ်တဲ့အတွက် ခင်ဗျားဟာ ဇာတ်လိုက်တစ်ယောက် မဟုတ်သလို တခြားသူတွေလည်း ဘာမှမဟုတ်ပါဘူး။”
“တန်ဖိုးမရှိဘူးလို့ ခင်ဗျားထင်တဲ့အရာတွေဟာ အခြေနေတစ်ခုပြောင်းသွားရင် ခင်ဗျားဘ၀တစ်ခုလုံးကို ပေးပြီး ၀ယ်ရလောက်အောင် တန်ဖိုးရှိနေတာတွေ့ရလိမ့်မယ်။” (ဒီစာသားကိုကျောင်းသားဘ၀ထဲကကြားဖူးတယ် အရမ်းကြိုက်ခဲ့တဲ့ စာသားလေးပေါ့)
ဆရာတာရာမင်းဝေစာအုပ်ထဲက စာသားလေးတစ်ခုရှိတယ်ဗျ “လေပြေကိုချည်းပဲ သိပ်မျှော်လင့်မနေနဲ့တဲ့ မုန်တိုင်းမှာလည်း အောက်စီဂျင်ပါတယ်” ဆိုပဲ။ ဘ၀မှာအကြောင်းအမျိုးမျိုးကြောင့် လဲကျသွားတဲ့အခါမျိုးမှာ စိတ်မပျက်အောင် အားပေးတဲ့စာသားလေးပေါ့ဗျာ။
ပြသနာဆိုတဲ့ကောင်ဟာ လာရင်ဘယ်တော့မှတစ်ကောင်တည်းမလာတတ်ဘူးလေ။ အဖော်အပေါင်းနဲ့ကိုလာတာ။ အဆင်မပြေတာတစ်ခု ကြုံပြီဟေ့ဆိုရင် နောက်ထပ် အဆင်မပြေတာတွေလည်း တန်းစီနေတတ်တယ်။ ဒီကောင်တော့ဘယ်အချိန်လဲပြိုသွားမလဲဆိုပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်တော့တာပဲ။ ကျွန်တော်တို့ လည်းနည်းမျိုးစုံနဲ့ခုခံရတာပဲ။ တစ်ခါတစ်လေ စစ်ကူလာရင်တော့အဆင်ပြေတာပေါ့ဗျာ။ အများသောအားဖြင့် တစ်ကိုယ်တော်တိုက်ရတာတွေများပါတယ်။ ကဲခင်ဗျားမှာ တစ်ခုခုအဆင်မပြေဘူးလား လက်ကျန်အင်အားတွေပြင်ထားပေတော့။ အထက်မှာရေးထားတဲ့စာသားမျိုးပေါ့ အားဆေးတွေလည်း ဆောင်ထား ရရာလက်နက်ကိုင်ပြီးနောက်လာမယ့်ကောင်တွေကိုရှင်းတော့ဗျို့။
နောက်တစ်ခုက ကျွန်တော့အမြင်လေးပါ။ ပကတိသဘောတရားဆိုတာလေး…။ ဆရာဖေမြင့်ရဲ့ စာအုပ်ထဲက “ဒါလည်းပြီးသွားမှာပါ” ဆိုတဲ့ စာကြောင်းလေးနဲ့ဆပ်စပ်ပြီးတွေးဖြစ်တာလေးပါ။ ဆရာဖေမြင့်ပြောတဲ့သဘောက တော့ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ဘာမှကြာရှည်မခံဘူး ပြီးသွားမှာပါဆိုတဲ့သဘောလေး၊ ပကတိ အမှန်တရားမဟုတ်ဘူးပေါ့။ ပကတိအမှန်တရားဆိုရင် ကျွန်တော်တို့ကောင်းကျိုးတွေခံစားရတယ်ပေါ့၊ ကောင်းကောင်းနေရမယ် ကောင်းကောင်းစားရမယ် စိတ်ချမ်းသာစရာတွေချည်းပဲဆိုပါတော့။ တစ်သက်လုံးတည်မြဲနေရမယ်လေ။ အဲလိုပဲ မကောင်းတဲ့အရာတွေ၊ စိတ်ညစ်စရာတွေ ကြုံရတယ်ဆိုပါတော့ ကျွန်တော်တို့တသက်လုံး စိတ်ညစ်စရာတွေ စိတ်ပျက်စရာတွေချည်းပဲ ကြုံနေရတာမျိုးမဟုတ်ပါဘူး။ ဒီလိုပဲ ရယ်တစ်လှည့် ငိုတစ်လှည့် ဘ၀ကိုဖြတ်သန်းကြရတာချည်းပါပဲ။ ကြာရှည်တည်မြဲတဲ့သဘောမဟုတ်ပါဘူး။ ဆရာ ဖေမြင့်ပြောတဲ့သဘောက ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလွန်းအမင်းခံစားနေဖို့ မလိုဘူးဆိုတဲ့ သဘောပါ။ ပကတိတည်မြဲတဲ့အရာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် လောကမှာ ကျွန်တော်တို့ သေတဲ့အချိန်လောက်ထိတော့ ပကတိတည်မြဲပြီး အမြဲတမ်း သတိပြုရမှာတွေတော့ရှိသေးတယ်ဗျ။ ဥပမာ သစ္စာတရား ၊ မိဘမေတ္တာ၊ ကိုယ်ကျင့်တည်ကြည်စောင့်စည်းမှု့၊ရိုးသားမှု့စတာမျိုးတွေပေါ့။ အဲဒါတွေကတော့ သူတို့ကိုလေးစားတန်ဖိုးထားရင် ထားသလို၊ တန်ဖိုးမထားရင်မထားသလို တသတ်မှတ်တည်း အကျိုးသက်ရောက်တယ်ဗျ။ သူတို့ကတော့ ပကတိမပြောင်းလဲပဲတည်ရှိနေတဲ့ အကျိုးတရားတွေပေါ့။ ကျွန်တော်တို့အများစုက ပေါ်လိုက်ပျောက်လိုက်ခံစားချက်တွေပေါ်မှာပဲ ဦးစားပေးနေတတ်ပြီး မပြောင်းလဲတဲ့ တစ်သတ်မှတ်တည်းသော အရာတွေကို စဉ်းစားဆင်ခြင်ဖို့မေ့နေတတ်တယ်ဗျ။ တစ်ခါတစ်လေ ၀မ်းနည်းစရာကြုံလို့ ငိုရတယ်ဆိုပါတော့။ တစ်သက်လုံးငိုနေမလားဟေ့ ဆိုတော့လည်းမဟုတ်ပြန်ဘူး။ ဘာမှမစားမသောက်ပဲ အကြာကြီးလည်းဘယ်သူမှမငိုနိုင်ပါဘူး။ ခဏလေးဖြစ်တဲ့စိတ်အပေါ်မှာ အရမ်းနှစ်ပြီး ခံစားလိုက်တဲ့အခါ တစ်သက်လုံးပဲခံစားရတော့မလို၊ ဖြေလို့ပဲမပြေနိုင်တော့သလို ထင်တတ်ကြတယ်။ နောက်တော့လည်းပြီးသွားတာပါပဲ။ အဲတော့ ကျွန်တော်တို့က လတ်တလောအခြေနေကိုကျော်ပြီးတော့ ပကတိအခြေနေကို သတိထားကြည့်တတ်မယ်ဆို ပိုပြီးတောမှန်မှန်ကန်ကန် နေထိုင်ရှင်သန်နေနိုင်မယ်ထင်ပါတယ်။ ကျွန်တော်တို့က သူတော်စင်တွေမဟုတ်ကြတော့ စိတ်ခံစားမှု့အားလုံးကို ထိန်းချုပ်နိုင်ဖို့တော့မလွယ်ပါဘူး။ ဒါပေမယ် ကျွန်တော်တို့ လုပ်နိုင်တာရှိပါတယ်။ အခြေနေတစ်ခုကို ကျော်ပြီးစဉ်းစားဖို့ပေါ့။ ဒီဟာကဘယ်လောက်ထိကြာရှည်နိုင်မလဲ၊ ဒါပြီးရင်ဘာဖြစ်လာနိုင်မလဲ ဆိုတာမျိုးပေါ့။ အခြေနေမှန်နဲ့ လက်တွေ့ကျမှု့ကိုပိုနီးစပ်မယ်လို့ ထင်ပါတယ်။
စာအုပ်တွေဖတ်ပြီး ပြန်တွေးဖြစ်တဲ့အတွေးတွေပါ။ဝေဖန်ဖို့နဲ့ စဉ်းစားဆင်ခြင်ဖို့အတွက်ဝေငှလိုက်ပါတယ်။
1 comment:
Marvelous!Fantastic!Superb!Magnificent and Notes-worthy clauses. It really makes me,not only me but for those who read this clauses, strong our mental and physical knowledge.Profuse thanks for your post.
Post a Comment