Sunday, October 17, 2010

မြန်မာနိုင်ငံက ကာတွန်းဆရာတွေထဲမှာ ကျွန်တော် ထူးထူးခြားခြားလေးစားသဘောကျမိတာ ဆရာအော်ပီကျယ်ဗျ။ ဆရာဟာ ရန်ကုန်နည်းပညာတက္ကသိုလ်က BE ဘွဲ့   ရထားတဲ့ အင်ဂျင်နီယာ တစ်ယောက်ပါ။ အမေရိကန် ဟားဘတ်တက္ကသိုလ်က လည်း မဟာဘွဲ့  တစ်ခု ရထားပါသေးတယ်။ ဆရာအော်ပီကျယ်ရဲ့   ကာတွန်းတွေဟာ သာမန်ရယ်ရရုံထက်ပိုတယ်လို့ ပြောရမယ်ဗျ။ နိုင်ငံတကာအဆင့်ကို အပြည့်အ၀မှီပါတယ်။ ကာတွန်းလေးကို ကြည့်လိုက်ပြီး ရယ်လိုက်ရတဲ့အချိန်မှာ ရင်ထဲမှာ နင့်ကနဲ့ဖြစ်ကျန်ခဲ့ အောင် စိတ်ကူးကောင်းကောင်း ခံစားချက်ပြင်းပြင်းနဲ့ ဖန်တီးနိုင်တာ မြန်မာနိုင်ငံမှာ ဆရာ အော်ပီကျယ်တစ်ယောက်ပဲ ရှိမယ်ထင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆရာ့ ကာတွန်းတွေ နောက်ပိုင်း မတွေ့  ရတော့တာလည်း စိတ်မကောင်းစရာ တစ်ခုပေါ့ဗျာ။ ကျွန်တော်အခု ဆရာအော်ပီကျယ်ရဲ့   ကာတွန်းတွေ ထဲက ပဲ ရင်ထဲမှာ နင့်ကနဲ့ ဖြစ်ကျန်လောက်တဲ့ ကာတွန်းတွေကိုပဲ ရွေးထုတ်ပြီး တင်ပြလိုက်ပါတယ်။ ဆရာအောင်ပီကျယ်ကိုလည်း ဒီကနေပဲ ဂါဝရ ပြုခွင့်တောင်းလိုက်ပါတယ်။ ဆရာ့ရဲ့  ပြောင်မြောက်တဲ့ အတွေးနဲ့ ဖန်တီးမှု့တွေကို ခံစားကြည့်ကြပါ။










Friday, October 15, 2010

တွေးစရာပါသော ဟာသလေး

တွေးစရာပါတဲ့ ဟာသလေးတစ်ခု ပြောပြမယ်။ အနောက်တိုင်းမှာ အရမ်းချမ်းသာတဲ့ သူဋ္ဌေးတစ်ယောက်က ကန်ကြီးတစ်ကန်ထဲမှာ မိကျောင်းတွေကို အပျော်တမ်းမွေးထားတယ်။ သူကလည်း သူမွေးထားတဲ့ မိကျောင်းတွေကို ကြွားချင်တယ်တူပါရဲ့ ဧည့်ခံပွဲတစ်ခုကျင်းပပြီး လူတွေကို ကန်ထဲကမိကျောင်းတွေကို ခေါ်ပြတယ်ပေါ့။ မိကျောင်းတွေကလည်း ကန်ထဲမှာ ပါးစပ်အဖြဲသားနဲ့ပေါ့။ အဲဒီအချိန်မှာ သူဋ္ဌေးကြီးက စကားတခွန်းပြောတယ်ဗျ။ ဒီကန်ရဲ့ ဒီဖက်အစွန်းကနေ ဟိုဖက်အစွန်းထိကို ရေကူးပြီးသွားပြနိုင်တဲ့သူ ရှိရင် ဒေါ်လာတစ်သန်းဆု ချီးမြှင့်မယ် ဆိုပြီး ကြေငြာလိုက်တယ်။ ဒေါ်လာတစ်သန်းဆိုတာက လည်း မက်လောက်စရာကိုးဗျ။ ဒါပေမယ့် အောက်မှာကလည်း ဆင်းသွားတာနဲ့ တစ စီဝိုင်းဖဲ့မယ့် အကောင်တွေက စောင့်နေတာဆိုတော့ ဘယ်သူမှမလှုပ်ရဲကြဘူး။ အဲဒီအချိန်မှာ မထင်မှတ်ပဲ ၀ုန်းကနဲ့အသံနဲ့အတူ လူတစ်ယောက်ရေထဲမှာ မောကြီးပန်းကြီးနဲ့ကူးခပ်နေတာ မြင်လိုက်ကြရတယ်။ မိကျောင်းတွေကလည်း သူတို့က အစာကျွေးပြီ အထင်နဲ့ ၀ိုင်းလုရအောင် လူစွန့်စားနောက်ကို အသဲအမဲလိုက်ကြတာပေါ့ဗျာ။ ဘာပြောကောင်းမလဲ ၀ိုင်းကြည့်နေတဲ့လူတွေကတော့ တအံ့တသြနဲ့ ကြည့်နေကြတာ အသက်တောင်မရူရဲကြဘူး။ ဟုတ်တယ်လေ သူတို့ တွေးတောင်မကြည့်ရဲတဲ့ ကိစ္စကို ဟိုလူက လက်တွေ့လုပ်ပြနေတာကိုး။ လူစွန့်စား ရေကူးသမားကလည်း ရှေ့ကအသည်းအသန်ကူး မိကျောင်းတွေကလည်း မိလုမိခင်နဲ့နောက်ကလိုက်။ အဲ တော်တော်ချီးကျူးစရာကောင်းတဲ့လူပဲလို့ ပြောရမယ်ဗျ။ မိနစ်ပိုင်းအတွင်းမှာပဲ အဲဒီလူဟာ မိကျောင်းတွေလက်ထဲက လက်မတင်လေး လွတ်ပြီး ကမ်းပေါ်တက်လာနိုင်တယ်ဗျ။ ဒေါ်လာတစ်သန်း ပိုင်ရှင်ဖြစ်ပြီပေါ့ဗျာ။ ကမ်းပေါ်ရောက်တော့ ကိုယ့်လူက အမောတောင် မပြေးဘူး အသက်ကို လုရှုနေရတုန်း လူတွေကအုံးအုံးကြွက်ကြွက်နဲ့ မေးကြတာပေါ့ဗျာ။ ခင်ဗျားဗျာ တော်တော်သတ္တိကောင်းတဲ့လူပဲ တကယ်ကိုလုပ်ရဲတယ် ဆိုပြီး ချီးမွမ်းကြတာပေါ့။ အဲဒီအချိန်မှာ ဒေါ်လာတစ်သန်းပိုင်ရှင် ကိုစွန့်စားက အမောမပြေသေးတဲ့ကြားက ထပြီးဒေါကြီးမောကြီးနဲ့ပြောလိုက်တာက "ခုနက ကျုပ်ကိုဘယ်အယုတ်တမာကောင် တွန်းချလိုက်တာလဲ ပြောစမ်း " တဲ့။

                             ဟာသလေးကတော့ ဒီလောက်ပါပဲ။ တကယ်တော့သူက ငွေလိုချင်လို့ စွန့်စားပြီး မိကျောင်းကန်ထဲ ဆင်းတာမှမဟုတ်ပဲ။ ကန်ထဲ ပြုတ်ကျသွားလို့ အသက်မသေအောင် အားကုန်ကူးခပ်လွတ်မြောက်လာတာကိုးဗျ။ ရယ်စရာ ဟာသသဘောလေးနဲ့ ရေးထားပေမယ် ဒီလို အလားတူအဖြစ်မျိုးတွေ ကျွန်တော်တို့တွေရဲ့ ဘ၀တွေမှာ ဖြစ်ပျက်နေကျဗျ။ တစ်ခါတစ်လေ ကျွန်တော်တို့ လုပ်နိုင်မယ်ဆိုပြီး တွေးတောင်မတွေးရဲတဲ့ ကိစ္စတွေဟာ ခုနက လူစွန့်စားလို တစ်ယောက်ယောက်က တွန်းချလိုက်လို့ဖြစ်ဖြစ် မတော်တစ်ဆ ကိုယ့်ဟာကိုယ် ပြုတ်ကျသွားလို့ပဲဖြစ်ဖြစ် လက်တွေ့အသက်လုပြီး လုပ်ကိုင်ရတဲ့အချိန်မှာ ဖြစ်မြောက်သွားတတ်ကြတယ်။ ဒါပေမယ့် ကိုယ့်ဟာကိုယ်သတိမထားမိကြတာများတယ်။ ကန်ထဲကျသွားတဲ့အချိန်မှာ လူစွန့်စားရဲ့စိတ်ထဲမှာ ဒေါ်လာတစ်သန်းလည်းမရှိဘူး ဘယ်လိုနည်းနဲ့ ကူးခပ်ရမလဲဆိုတဲ့ နည်းတွေ ကြိုတွေးထားတာလည်းမရှိဘူးလေ။  သူ့အတွက် တစ်ခုတည်းသောနည်းလမ်းက အသက်ဘေးကလွတ်အောင် အားကုန်ထုတ်ပြီး အသေအလဲကူးခပ်ဖို့ပဲ။ ရေကူးရင်းအမောဆို့လို့ သေချင်သေသွားပါစေ မိကျောင်းကိုက်လို့တော့ အသေခံလို့မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ တကယ်ညှုစ်ထုတ်ကြည့်တဲ့အခါ လူအများစု မဖြစ်နိုင်ဘူးလို့ တွေးထားတာက တကယ်ဖြစ်မြောက်သွားတယ်။ ကန်ထဲမကျခင်အချိန်အထိ အဲလို မဖြစ်နိုင်ဘူးလို့ တွေးထားတဲ့လူတွေထဲမှာ သူလည်းပါခဲ့တယ်လေ။ သူ့ကိုယ့်ပိုင်ဆုံးဖြတ်ချက်နဲ့လည်း ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် ကန်ထဲဆင်းကူးဖို့ စိတ်ကူးမရှိဘူး။ တကယ် ကန်ထဲရောက်တဲ့အချိန်ကျတော့ ဖြစ်နိုင်တာ မဖြစ်နိုင်တာက အရေးမပါတော့ဘူး အသက်ဘေးကလွတ်ဖို့အတွက် ဘာဖြစ်ဖြစ် လုပ်ရတော့မယ်လေ။ တစ်ခါတစ်လေ ဘ၀မှာ ကိုယ်လည်းထင်မှတ်မထားဘူး ကြိုတင်ပြီးလည်း ပြင်ဆင်မထားပဲ ၀န်းကနဲ့ အရေးပေါ် ရုန်းကန်ရတာတွေ ရှိတတ်ကြတယ်ဗျ။ မိကျောင်းတွေလို ပြဿနာပေါင်းစုံက လိုက်ကိုက်ခဲတဲ့အချိန်ပေါ့။ အဆင်မပြေတာချည်းပဲကြုံနေရတယ်ကွာတို့ သေချင်လောက်အောင်စိတ်တ်တယ်တို့ ဆိုပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ငြီးညူသံတွေ မကြာခဏကြားဖူးမှာပါ။ တကယ်တမ်းသာ အရေးပေါ်အခြေနေမှာ လက်တွေ့ရင်ဆိုင်ရပြီဆိုပါစို့။ လက်တွေ့ဖြေရှင်း ရုန်းကန်ရတဲ့သူတွေမှာ အဲလိုငြီးညူနေဖို့ အချိန်မရှိတတ်ကြဘူးဗျ။ သူတို့ မနားတမ်း လှုပ်ရှားကူးခပ်နေမှ ပြသနာအုပ်စုကြီးရဲ့ အမဲဖျက်မှု့ကလွတ်ပြီး အေးအေးဆေးဆေး အမောဖြေနိုင်မယ်မဟုတ်လား။ သူတို့ တစ်ချက်ရပ်တန့်ပြီးသာ ငြီးညူကြည့် နောက်ကလိုက်လာတဲ့ ပြ          ဿနာအုပ်ထဲမှာ ချာလပတ်ရမ်းသွားမယ်လေ။ တစ်ယောက်ယောက်က ခင်ဗျားကို အရမ်းစိတ်ညစ်တာပဲလို့ ပြောတယ်ဆိုင် အဲဒီလူအရမ်းကံကောင်းနေသေးတယ်ဗျ။ ဘာလို့လည်းဆိုတော့ သူ့မှာအေးအေးဆေးဆေး စိတ်ညစ်ချိန်ရှိသေးတယ်။ ဒါဆိုအသည်းအသန်အခြေနေမဟုတ်သေးဘူး။

                        ကျွန်တော်တို့လူသားတွေဟာ ခံနိုင်ရည်အားတို့ ဖောက်ထွက်နိုင်အားတို့ကို အရေးပေါ်အခြေမဟုတ်သေးသရွေ အပြည့်အ၀ မသုံးဖြစ်ကြတာများပါတယ်။   ဟာသဇာတ်လမ်းလေးထဲက ပုဂ္ဂိုလ်ကတော့ နောက်ကမိကျောင်းတွေ လိုက်နေတဲ့အချိန် ကမ်းပေါ်ကလူတွေကို လှမ်းအော်ပြီ အကူညီမတောင်းသွားဘူးဗျ။ အဲလို လှမ်းအော်ဖို့ အချိန်မှ မရှိတာကိုး။ သူ မအော်ဖြစ်လိုက်တဲ့အတွက်လည်း ဒေါ်လာတစ်သန်းတန်သွားတယ်။ ကဲ ပြဿနာတွေ နောက်ကလိုက်နေပြီ ဆိုပါစို့ ခဏနားပြီး လှမ်းအော်ခေါ်ကြမလား အားကုန်ထုတ်ပြီး လွတ်အောင်ရုန်းထွက်ကူးခပ်ကြမလား။ အမှန်တကယ်က ဒေါ်လာတစ်သန်းကို လူတိုင်းပိုင်ခွင့်ရှိပါတယ်။

Sunday, October 10, 2010

ဆရာအော်ပီကျယ်ရဲ့ ဒို့ မြန်မာတွေ ပျော်ပါစေ အပိုင်း ၁

ပြီးခဲ့ တဲ့လ ၂၆ ရက်နေ့က စင်္ကာပူမှာလုပ်သွားတဲ့ စာပေဟောပြောပွဲက ဆရာအော်ပီကျယ်ရဲ့ ဟောပြောမှု့ အပိုင်း ၁ ပါ။ ဆရာရဲ့ ဟန်အတိုင်း တွေးစရာလေးတွေကို အသော့အထေ့လေးတွေနဲ့ တ၀ါးဝါးတဟားဟား ဖြစ်ရအောင် ပြောပြထားပါတယ်။ မြန်မာပြည်က online သုံးစွဲသူများ ဒေါင်းရလွယ်ကူစေရန် 3gp ဖိုင်ပြောင်းလိုက်တဲ့အတွက် အရည်အသွေးနည်းနည်းကျသွားပါတယ်။ ကျန်တဲ့ အပိုင်းတွေကိုလည်း ရသလို ဆက်တင်ပေးသွားပါမယ်။ ဒေါင်းရမယ့် လင့်ကတော့ အောက်မှာပါခင်ဗျာ။

ဆရာအော်ပီကျယ်ရဲ့ ဒို့မြန်မာတွေပျော်ပါစေ
http://www.4shared.com/video/TMX35iVi/APK.html

Wednesday, October 6, 2010

အလုပ်အသစ်ပြောင်းထားလို့ အသားကျအောင် အတင်းလုံးပန်းနေတာနဲ့ ပိုစ်အသစ်တွေမတင်ဖြစ်ပဲ ဘလော့က ခြောက်သွေ့နေတာကြာပါပြီ။ အခုတစ်လော ဒီမှာ မြန်မာပြည်နဲ့တူတဲ့ နေရာလေးတွေ ပုံစံလေးတွေမြင်ရရင် ရွှေပြည်တော်ကို လွမ်းမိတယ်ဗျာ။ လောလောဆယ်တော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေပါသေးတယ်။ ကဲဗျာ စာအေးအေးဆေးဆေး မရေးနိုင်သေးလို့ ပုံလေးတွေအရင် တင်လိုက်တယ်ဗျာ။  ဒီပုံတွေမြင်တော့ ကိုယ့်နိုင်ငံကို သတိရမိလို့ အမှတ်ရလေး ဖြစ်အောင်ပါ။

ဒါကတော့ ဒီကခရီးသည်မျှော်နေတဲ့ ဆိုက်ကားဆရာကြီးပေါ့။ ကျွန်တော်တို့ ဆီက ဆိုက်ကား ဆရာကြီးတွေများ ဘယ်တော့မှ ဒေါ်လာကိုင်နိုင်မည်မသိ။


အလုပ်သွားရင် တွေ့နေကျ ဖိနပ်ချုပ်တဲ့ ဦးလေးကြီးပေါ့။